အစိုးရ အဖွဲ့အစည်းများက ကျူးလွန်သော အဓမ္မခိုင်းစေမှု မြန်မာတစ်နိုင်ငံသာရှိဟု ILO အရာရှိဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
နိုင်ငံတကာတွင် အဓမ္မခိုင်းစေမှုများ ရှိနေသော်လည်း အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဓမ္မခိုင်းစေမှု ကျူးလွန်ခြင်းမှာ မြန်မာတစ်နိုင်ငံတည်းတွင်သာ ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ ပီရာမာလ်ပီချိုင်ဝန်းက ပြောကြားသည်။

“အဓမ္မခိုင်းစေမှုက မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက ကျူးလွန်တာ ဒီနိုင်ငံမှာပဲ တွေ့ရတယ်” ဟု ပီရာမာလ်ပီချိုင်ဝန်းက ပြောဆိုသည်။
တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းမှု လျော့ကျလာပြီ ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်အထိ စုဆောင်းနေဆဲ ဖြစ်ပြီး တပ်မတော်အတွက် အထမ်းသမားအဖြစ် အသုံးပြုရန် ပေါ်တာဆွဲမှုများ စသည့် ခိုင်းစေမှုများမှာ ရှိနေဆဲဖြစ်ကြောင်း ILO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အစိုးရနှင့် အာဏာပိုင် အဖွဲ့အစည်းများက အဓမ္မခိုင်းစေမှု ရှိနေသေးသည့် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ILO ၏ ညီလာခံများတွင် ဥပမာပေးခံနေရပြီး ကျန်နိုင်ငံများတွင် ပုဂ္ဂလိကလုပ်ငန်းတွင် အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှု ဖြစ်စဉ်များသာ ကျန်တော့ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တစ်ဦးချင်းစီအလိုက် အဓမ္မခိုင်းစေခံရသည့် အမှုများတွင် ကလေးစစ်သားအမှု အများဆုံးဖြစ်ပြီး အုပ်စုလိုက် အဓမ္မခိုင်းစေခံရသည့် အမှုများတွင် အလေ့အကျင့်၊ ဓလေ့ထုံးတမ်း ပုံစံ (လုပ်အားပေးစသည့်) ဖြင့် ဖြစ်နေသည့် ခိုင်းစေမှု များပြားကြောင်း ပီရာမာလ်ပီချိုင်ဝန်းက ပြောကြားသည်။
အဓမ္မမှု ပပျောက်ရေး လုပ်ဆောင်ရာတွင် တပ်မတော်နှင့် ပူးပေါင်း လုပ်ဆောင်ရသည်မှာ လွယ်ကူပြီး ရဲတပ်ဖွဲ့ အပါအဝင် အခြားအာဏာပိုင် အဖွဲ့အစည်းများနှင့် လုပ်ဆောင်ရသည်မှာ မလွယ်ကူကြောင်း၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးတွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာကြောင်း ၎င်းကဆိုသည်။
တပ်မတော်က ကလေးစစ်သားများကို မိဘထံသို့ ကိုးကြိမ် ပြန်လည်အပ်နှံခဲ့ပြီ ဖြစ်ပြီး ဦးရေအားဖြင့် ၅၉၄ ဦး ရှိပြီဖြစ်သည်။
ကလေးစစ်သား မရှိစေရဆိုသည့် အစီအစဉ်ဖြင့် ကလေးစစ်သားများကို နုတ်ထွက်ခွင့်ပေးနေသည့် အပြင် ၂၀၁၄ ခုနှစ် အကုန်အထိ တာဝန်ရှိသူ အရာရှိ ၅၀ ဦးနှင့် စစ်သည် ၂၇၇ ဦးကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ပြီး ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
The VOICE

No comments:
Post a Comment