လောက်ကိုင်အကျဉ်းထောင်မှ အကျဉ်းသူများ တင်ဆောင်လာသောယာဉ် ပစ်ခတ်ခံရ
ကွမ်းလုံ၊ ဖေဖော်ဝါရီ ၂၃
လောက်ကိုင်အကျဉ်းထောင်မှ လားရှိုးထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသူ အမျိုးသမီးများ သယ်ဆောင်လာသည့် ယာဉ်ကို ကိုးကန့်တိမ်းရှောင် အဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် လုံးထန်နှင့် ပါစင်ကျော် အကြား၌ ချောင်းမြောင်းပစ်ခတ်မှုကြောင့် အကျဉ်းသူ အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း နယ်မြေခံ တပ်မတော်တပ်ရင်းထံမှ သတင်းရရှိသည်။
“ကြက်ခြေနီကားတွေ အပစ်ခံရတဲ့ နေရာအနီးမှာပဲ ထပ်အပစ်ခံရတာပါ။ ကားနားကို လက်နက်ကြီးကျတယ်။ လူ ၄၀ ကျော် ကွမ်းလုံဆေးရုံကို (ညနေ) ၅ နာရီ ရောက်ပါပြီ။ သုံးယောက် စိုးရိမ်ရတယ်” ဟု ကွမ်းလုံမြို့ခံတစ်ဦးက ပြောကြားသည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လောက်ကိုင်မှ ချင်းရွှေဟော်သို့ ဒုက္ခသည် ၅၀၀ ခန့် ခြေလျင်ထွက်ခွာ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြောင်း၊ အများစုမှာ အညာဒေသမှ လာရောက်၍ ကြံခုတ်လုပ်ငန်း လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း ကွမ်းလုံဒေသခံများထံမှ သိရသည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သော ဒေသခံများကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ရာ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးများ လိုက်လံဆောင်ရွက်ပေးလျက် ရှိသည်ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားခဲ့သော်လည်း ယခု ပစ်ခတ်ခံရသော နေရာအနီးတွင် ကြက်ခြေနီယာဉ်မှာ နှစ်ကြိမ်ပစ်ခတ်ခံရပြီး ယခုတစ်ကြိမ်နှင့် ဆိုလျှင် သုံးကြိမ်မြောက် အပစ်ခံရခြင်း ဖြစ်သည်။
The VOICE

No comments:
Post a Comment