Wednesday, February 18, 2015

ရွှေပြည်သာ အလုပ်သမားများ လစာတိုးရေး ညှိနှိုင်းမရ၍ သပိတ်အရှိန်မြှင့်မည်


ရွှေပြည်သာ အလုပ်သမားများ လစာတိုးရေး ညှိနှိုင်းမရ၍ သပိတ်အရှိန်မြှင့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ 
 
အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသပိတ်မှောက်နေသည့် ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ သုံးခုမှ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အစိုးရတို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေးရာ ပြေလည်မှုမရဘဲ အလုပ်ရှင်ဘက်မှ ယတိပြတ်ငြင်းလိုက်သဖြင့် သပိတ်အရှိန်ကို ဆက်လက်မြှင့်တင်သွားမည်ဟု ရွှေပြည်သာ အထည်ချုပ်စက်ရုံ အလုပ်သမားများ သမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းက မဇ္ဈိမကို ပြောသည်။

"ညနေကျရင် အစည်းအဝေးလုပ်မယ် သပိတ်အရှိန်မြှင့်ဖို့ကို မနက်ဖြန်မှာထုတ်ပြန်မယ်" ဟု ၎င်းက ပြောသည်။

အလုပ်ရှင်နှင့် ညှိနှိုင်းမရသည့်အပြင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးထင်အောင်နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်တို့က သပိတ်ချက်ချင်းရပ်ရန် ပြောဆိုနေပြီး စက်ရုံရှေ့တွင် ပိတ်ကာ သပိတ်မှောက် ဆန္ဒပြမှုအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ညှိနှိုင်းဆွေးနွေးစဉ် ပြောဆိုခဲ့သေးသည်ဟု အလုပ်သမားများက ပြောသည်။

အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းမှုတွင် အလုပ်သမားများက အခြေခံလစာ သုံးသောင်းထပ်မံ တိုးတောင်မှုကို အလုပ်ရှင်ဘက်မှ တနေ့လုပ်အားခ လေးရာနှုန်း တစ်လကို တစ်သောင်းနှစ်ထောင်တိုးပေးမှု ကိုလက်မခံသောကြောင့် ပြေလည်မှုမရရှိခဲ့ဟု အလုပ်ရုံ နှင့် အလုပ်သာမား ဥပဒေစစ်ဆေးရေးဌာန (ရန်ကုန်)မှ ဒုညွန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက မဇ္ဈိမသို့ ပြောသည်။

"အလုပ်ရှင်ဘက်ကလည်း မကြာခဏ ဆန္ဒပြတာတွေလည်းရှိတယ်။ အပ်ထည်တွေလည်း မပေးနိုင်ဘူးပေါ့။ တကယ်လို့ သူတို့တစ်လ တစ်သောင်းနှစ်ထောင် တိုးပေးတာကို သဘောတူရင် အလုပ်လုပ်ကြပေါ့။"ဟု ၎င်းက ပြောသည်။

ဆန္ဒပြအလုပ်သမားများ အနေဖြင့် စက်ရုံ၊ အလုပ်ရုံများရှေ့တွင် ပိတ်ကာ ဆန္ဒပြခြင်းကြောင့် အလုပ်ရှင် အလုပ်သမား နှစ်ဦး နှစ်ဖက် နစ်နာရပြီး ဥပဒေနှင့် မညီသည့် ဆန္ဒပြမှုများကို ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန် ကြေငြာလိုက်သေးသည်။

ရွှေပြည်သာမြို့နယ်ရှိ Eland Myanmar အထည်ချုပ်စက်ရုံ၊ ford glory garmentစက်ရုံ၊ costec intetnational စက်ရုံတို့က ဇန်န၀ါရီ လမှစတင်၍ ရွှေပြည်သာ စက်မှုဇုန် (၁)တွင် လုပ်ခလစာတိုးမြှင့်ရေးအပါအ၀င် အာဆီယံအတွင်း လစာပေးရေး၊ အနိမ့်ဆုံး လုပ်ခလစာ ရရှိရေး၊ လွတ်လပ်စွာ အလုပ်သားမားသမဂ္ဂများဖွဲ့စည်းနိုင်ရေး အပါအ၀င် အချက် (၁၁) ချက်ဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ပြီး ယနေ့အထိ စက်ရုံများရှေ့တွင် ထိုင်သပိတ်များဖွင့်ကာ ဆန္ဒပြနေခြင်း ဖြစ်သည်။
 

No comments:

Post a Comment