1.3.2015
ဖုန်ကြားရှင်လုပ်ရပ်အား မထောက်ခံကြောင်း မန္တလေးရောက် ကိုးကန့်တိုင်းရင်းသား ကိုးကန့် တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ ယနေ့ပြောကြားခဲ့ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၃ လမ်း၊ ၆၂ x ၆၃ လမ်းကြားရှိ ဗုဒ္ဓဘာသာကိုးကန့် ဓမ္မာရုံအစည်းအဝေးခန်းမ၌ မန္တလေးမြို့တွင် နေထိုင်လျက်ရှိသော ကိုးကန့်တိုင်းရင်းသား မိသားစုများ၏ သဘောထားခံယူချက်ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီမှ ၉ နာရီခွဲချိန်ထိ ကျင်းပခဲ့ရာ ဖုန်ကြားရှင်လုပ်ရပ်အား မန္တလေးရောက်ကိုးကန့် တိုင်းရင်းသားများမှ မထောက်ခံကြောင်း ဦးအောင်ဝင်းခိုင်မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရှင်းလင်းပွဲသို့ မန္တလေးမြို့ ရှိ ကိုးကန့်တိုင်းရင်းသားများနှင့် သတင်းထောက်အဖွဲ့များ တက်ရောက်ခဲ့ပြီး ဦးအောင်ဝင်းခိုင်မှ သဘောထားခံယူချက် ရှင်းလင်းတင်ပြချက်အား ဖတ်ကြားခဲ့ကြောင်းနှင့် သတင်းထောက်များ၏ သိရှိလိုသည်များ မေးမြန်းမှု ကို ဦးအောင်ဝင်းခိုင်နှင့် ဦးကျင်ဝမ်းတို့မှ ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။
“ မန္တလေးမှာ အခြေချနေထိုင်တဲ့ ကိုးကန့်တိုင်းရင်းသားတွေဟာ လောက်ကိုင် ကိစ္စနဲ့ပတ်သက်ပြီး ဖုန်ကြားရှင်ရဲ့ လုပ်ရပ်ကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အခု လောက်ကိုင်နယ်မြေက ဒေသခံတွေ ထွက်ပြေး နေရတယ်၊ တချို့ဆိုရင် သားတစ်ကွဲ၊ မယားတကွဲဖြစ်နေကြရတယ်၊ အဲဒါ ဖုန်ကြားရှင်ကြောင့် ဖြစ် ရတာ၊ သူလုပ်တဲ့ လုပ်ရပ်ကို လုံးဝမထောက်ခံပါဘူး ” ဟု ရှင်းလင်းပွဲတက်ရောက်လာသော ကိုးကန့်တိုင်းရင်းသား တစ်ဦးက ပြောသည်။
ယင်းနောက် သဘောထားခံယူချက် ရှင်းလင်းတင်ပြပွဲအခမ်းအနားတွင် ကိုးကန့်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အစိုးရအဖွဲ့ သစ် ပြန်လည်ဖွဲ့စည်းပေါ်ပေါက်ခဲ့ချိန်တွင် ကိုးကန့်ဒေသကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခွင့်ပြုချက်ရရှိခဲ့၍ ဒေသ အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသွားသည်။အဆိုပါ သဘောထား ခံယူ ချက် ရှင်းလင်းတင်ပြမှုတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကိုးကန့်လက်နက်ကိုင် ဖုန်ကြားရှင်ဦးဆောင်သော သောင်းကျန်းသူအဖွဲ့က ကိုးကန့်ဒေသကို ၀င်ရောက်လာပြီး တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း၊ ဒေသတစ်ခုငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးတို့ကို လုံးဝပျက်သုဉ်းသွားသည် အထိ ဖြစ်ရပ်များပေါ်ပေါက်ခဲ့သည်ကို ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားများအားလုံး နေ့စဉ်သတင်းစာ စောင်များ ဖတ်ရှုသိရှိခဲ့ရကြောင်း၊ ဖုန်ကြားရှင်အဖွဲ့၏ လုပ်ရပ်ကြောင့် ကြံခုတ်လုပ်ငန်း၊ လက်ဖက်လုပ်ငန်းနှင့် အခြားလက်လုပ်လက်စား သမားများလည်း ထိခိုက်နစ်နာရပါကြောင်း၊ အချို့ဆိုရင် အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ် များရှိသဖြင့် ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားများအနေဖြင့် အလွန်မတန်မှ ၀မ်းနည်းကျေကွဲစွာ ခံစားရပါကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။
“ ဖုန်ကြားရှင်ရဲ့ လုပ်ရပ်ကို ဒီမန္တလေးရောက် ကိုးကန့်တိုင်းရင်းသားတွေက လုံးဝမလိုလားတဲ့အကြောင်း သဘောထားခံယူချက် တင်ပြကြပါတယ်။ ပြီးတော့ ကိုးကန့်ဒေသမှာ တရားဥပဒေစိုးမိုးရေးပျက်ပြားနေချိန် ရက်ပေါင်း ၉၀ အတွင်း စစ်အုပ်ချုပ်ရေးနဲ့ဆောင်ရွက်တာကိုလည်း ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသား မိသားစုတွေက ကြိုဆိုထောက်ခံကြပါတယ်၊ ဖုန်ကြားရှင်ရဲ့ လုပ်ရပ်ကို မထောက်ခံရုံတင်မကပါဘူး၊ သူနဲ့လည်း ပါဝင်ပတ်သက်မှုမရှိပါဘူး၊ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ အညီ နေထိုင်သွားမှာပါ ” ဟု မန္တလေး အခြေချကိုးကန့်တိုင်းရင်းသား အကြီးအကဲတစ်ဦးက ပြောကြားသွားခဲ့သည်။
Shan News

No comments:
Post a Comment