စစ်ကိုင်းတိုင်း
ဒေသကြီး မုံရွာမြို့ မွေးမြူရေးဇုန်၌ သေဆုံးခဲ့သည့် ငုံးနှင့်
ဥစားကြက်များ၏ အသားစများကို ဓာတ်ခွဲခန်းများ၌ စစ်ဆေးခဲ့ရာ လူကို
ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်နေကြောင်း
တိရစ္ဆာန်မွေးမြူရေး နှင့်ကုသရေး
ဦးစီးဌာနမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြု ခဲ့ပြီး အဆိုပါ ရောဂါကို
ထိန်းချုပ်နိုင်ရန် ပြည်ထောင်စုအဆင့်သတ်မှတ်ဆောင်ရွက်နေကြောင်း သိရသည်။
မုံရွာ မွေးမြူရေးဇုန်၌ ဖေဖော်ဝါရီ ပထမပတ်
မှစတင်၍ ငုံးနှင့်ကြက်များ သေဆုံးမှုရှိခဲ့ပြီး သေဆုံးသည့် ကြက်နှင့်
ငုံးများ ကို မန္တလေမြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့ပြီးနောက် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွား နေသည်ကို
သိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ သေဆုံးကြက်နှင့် ငုံးများ မြေမြှုပ်ခြင်း
လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် လုပ်ဆောင်ခဲ့ကြောင်း
သိရသည်။ဖေဖော်ဝါရီ ၂၅ ရက်အထိ ကောင်ရေ ၁၀၀၂၃ ကောင်သေဆုံးခဲ့ပြီး ကောင်ရေ
၂၃၀၀၀ ဖျက်ဆီးခဲ့ကြောင်း၊ အသားတိုးကြက်၁၂၄၃ ကောင်သေဆုံးခဲ့ပြီး
ဖျက်ဆီးပြီး ကောင်ရေမှာ ၁၄၈၈ ကောင် အထိရှိခဲ့ပြီဖြစ် ကြောင်း၊
လက်ရှိအချိန်အထိ သေဆုံးနေသော ငုံးနှင့် ကြက်များကို မြေမြှုပ်ဖျက် ဆီး
နေရဆဲ ဖြစ်ကြောင်း၊ ရောဂါမကူးစက်နိုင်ရန် အကာအကွယ်ဝတ်စုံ ၃၀၀ပေးပို့၍
ငုံးနှင့်ကြက်များကို ရှင်းလင်းနေပြီး ရောဂါပြန့် ပွားမှု
အမြန်ဆုံးရပ်တန့်သွားရန် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့်
မုံရွာမွေးမြူရေး ဇုန်ကော် မတီဝင်များ ပူးပေါင်း ဆောင်ရွက်နေကြောင်း
မုံရွာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ဇီဝလုံခြုံရေးမြှင့်တင်
မှုများဆောင်ရွက်နေပြီး ရောဂါဖြစ်နေသော ကြက်ခြံများသို့ တခြားသော ကြက်ခြံ
လုပ်သားများ ကူးသန်းသွားလာမှု မပြုဘဲ ကိုယ်လက်သန့်စင်မှုကို ဦးစားပေးကာ
ရောဂါဖြစ်ပေါ်စေမည့် တခြား ငှက်ရိုင်းများ မ၀င်စေရေး ပိုက်ကွန်များ
ကာခြင်းနှင့်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်နေကြောင်း၊ ဇုန်အတွင်းမှ
မွေးမြူရေး ထွက်ကုန်ပစ္စည်းများကို ပြင်ပသို့ မထွက်စေရန် ပိတ်ပင်ထားကြောင်း
သိရသည်။ မုံရွာမြို့ကြက်မွေးမြူရေး ဇုန်ရှိ ကြက်ခြံပေါင်း ၃၀၀ကျော်တွင်
ကြက်ကောင်ရေ ၁၄၀၀၀၀နီးပါး မွေးမြူထားရှိကြောင်း၊ အသားစား ကြက်မွေးမြူသည့် ကောင်ရေ ၃၀၀၀
ကျော်ခန့်ရှိကာ ငုံးမွေးမြူရေး ခြံပေါင်း ၁၀၀ ကျော်တွင် ငုံးကောင်ရေ
ငါးသိန်းနီးပါး မွေးမြူထားရှိပြီး တစ်ရက်လျှင် ကြက်ဥအလုံးရေ
၈၀၀၀၀ကျော်ခန့် ထွက်ရှိပြီး အထက်ချင်းတွင်းဒေသရှိ ဈေးကွက်များသို့ တင်ပို့
ရောင်းချလျက် ရှိကြောင်း ကြက်မွေးမြူရေးဇုန် လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြ၀တီ
No comments:
Post a Comment