တရုတ်မြန်မာ နယ်စပ်ဒေသရှိ တင်းမာမှုများအား လျှော့ချရန် မြန်မာ သံအမတ်ကို တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Liu Zhenmin က တိုက်တွန်း လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသား ဖော်ပြ လိုက်သည်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို အစဉ်အမြဲ လေးစား ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက လက်ရှိ တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချသွားနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြီးတော့ တရုတ်မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေး ကိုလည်း စိတ်အား ထက်သန်စွာနဲ့ ထိန်းသိမ်း လိမ့်မယ်လို့ မျှော်လင့် ပါတယ် ဟု အဆိုပါ ဒုတိယ ၀န်ကြီး၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရသည်။
အဆိုပါ ကြေညာချက်မှာ တရုတ်ဘာသာဖြင့် ထုတ်ပြန်ခြင်း ဖြစ်ပြီး၊ ယင်းကြေညာချက်၌ ဖော်ပြ ထားသော မြန်မာနိုင်ငံ၏ အထူး ကိုယ်စားလှယ် မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဖြစ်ကာ ၎င်း၏ နာမည်ကို တရုတ်ဘာသာဖြင့် ဖော်ပြထား သောကြောင့် ဘာသာပြန်ရန် အခက်အခဲ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အကူအညီကို မြန်မာနိုင်ငံ အနေနဲ့ ကျေးဇူးတင် ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နဲ့ နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုလားပါတယ် ဟု ၎င်းအထူး ကိုယ်စားလှယ်က ပြောကြားကြောင်း တရုတ်နိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။ သို့သော် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ ကမူ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသို့ ထိုကဲ့သို့ အထူး ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိခဲ့ဘဲ လက်ရှိ သံအမတ် ဖြင့်သာ ညှိနှိုင်းခဲ့ကြောင်း The Messenger Media သို့ ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော တပ်မတော်နှင့် ကိုးကန့်တပ်များ အကြား ထိတွေ့မှုဖြစ်စဉ် များတွင် တရုတ်ဘက်မှ ပါဝင် ပတ်သက်မှုများ ရှိနေသည် ဟု တပ်မတော်ဘက်မှ ထုတ်ပြန်ထား သကဲ့သို့ တရုတ်ဘက် မှလည်း ၎င်းတို့ အနေဖြင့် တစ်စုံတစ်ရာ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆို ထားသည်။
မင်းသူအောင်
The Messenger Media

No comments:
Post a Comment