Saturday, February 28, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ဟင်္သာတမြို့ခရီးစဉ်၌ ကြိုဆိုနှုတ်ဆက်သူ အလွန်များပြားခဲ့ပြီး ဟင်္သာတမြို့ ဟောပြောပွဲသို့ တက်ရောက်သူ သောင်းချီ ရှိ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ရက်က ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဟောပြောပွဲသို့ သွားရောက်သည့် ခရီးစဉ်၌ ကြိုဆိုနှုတ်ဆက် သူအလွန်များပြားခဲ့ပြီး ဟင်္သာတမြို့ ဟောပြောပွဲသို့ တက်ရောက်သူ သောင်းချီရှိခဲ့သည်။


 
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မှ ဟင်္သာတသို့ သွားရာ၌ လမ်းရှိ ဓနုဖြူမြို့နှင့် ဇလွန်မြို့များတွင် လူထုဟောပြောပွဲ ပြုလုပ်ခဲ့ ပြီး အဆိုပါဟောပြောပွဲများတွင်လည်း တက် ရောက်သူ အလွန်များပြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါ ရီ ၂၈ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ဓနု ဖြူမြို့၌ နာရီဝက်ကြာ ဟောပြောမှု ပြုလုပ် ခဲ့သည်။ ယခု ဒေါ်အောင်ဆန်းစုကြည်၏ တတိယအကြိမ်မြောက် ဓနုဖြူမြို့ ခရီးစဉ် အတွက် မြို့နယ် NLD အပါအ၀င် အင်အား ၂၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ဓနုဖြူ မြို့ခရီးစဉ်အတွင်း လူထုတွေ့ဆုံဟောပြောပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များက လုံခြုံရေးဆောင်ရွက်မှုနှင့် လမ်းရှင်း လင်းရေးကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

“အခု ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာ တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်ကျော်လာတုန်းက ကျွန် တော်တို့က ကလေးဘ၀အသက် ၁၈၊ ၁၉ အရွယ်ပေါ့။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစု ကြည်နောက်က လိုက်ကြတာပေါ့။ ကျွန်တော် ပျော်သလို ဒီမြို့သူမြို့သားတွေလည်း ပျော် ကြမှာပါ” ဓနုဖြူမြို့ခံ ကိုတင်သိန်းက ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓနုဖြူမြို့မှ တစ်ဆင့် ဇလွန်မှတစ်ဆင့် ဟင်္သာတမြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအပြင် ဟင်္သာတမြို့တွင်း လမ်း များတစ်လျှောက်တွင်လည်း ၎င်းင်းအား စောင့် ကြိုနှုတ်ဆက်သူ အလွန်များပြားခဲ့သည်။
ညနေပိုင်းတွင် ဟင်္သာတမြို့ရှိ လူထု ဟောပြောပွဲပြုလုပ်ရာ ခရိုင်အားကစားကွင်း တွင်လည်း ကွင်းလုံးပြည့်နီးပါး တက်ရောက်ခဲ့ ကြပြီး ဟောပြောပွဲ အဖွင့်တွင် ဗိုလ်ချုပ်အောင် ဆန်းအား ဂုဏ်ပြုသည့် သီချင်းများသီဆို ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့် အမှာစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ရာ အခြားသူများ၏ အခွင့်အရေး အခြားသူများ ရထိုက်သည့် အခွင့်အရေးများကို မကြည့်ဘဲ ကိုယ်လုပ်ချင် ရာကို လုပ်ခြင်းသည် လွတ်လပ်ရေးကို အလွဲ သုံးစားလုပ်ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး သည် များစွာအရေးကြီးကြောင်း၊ အခြေခံလူ့ အခွင့်အရေးများရှိမှသာ ပြည်သူများသည် သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ လူ့ အခွင့်အရေးများကို တရားဥပဒေက စောင့် ရှောက်ထားဖို့ လိုအပ်ကြောင်း၊ ယင်းသို့ မစောင့်ရှောက်နိုင်ပါက ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံနိုင်သည့် တစ်နေ့တွင် ပြည်သူများ လူ အများသည် အုံကြွမှုများဖြစ်လာနိုင်သည်ဟု လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်း တွင် ရေးသားထားကြောင်း၊ လူ့အခွင့်အရေးကို အာမခံသည့် ရည်ရွယ်ချက်မှာ လူသားများ အကြား အေးချမ်းစွာနေနိုင်ဖို့ဖြစ်ကြောင်း၊ အားလုံးစိတ်အေးချမ်းမှ တိုင်းပြည်အေးချမ်း မည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖေဖေက ဆိုလို့ရှိရင် ဒီနိုင်ငံသူ နိုင်ငံသားတွေကို သိပ် ပြီးတော့ ဖြစ်မြောက်စေချင်တယ်။ သိက္ခာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ သတ္တိရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ သမာဓိရှိတဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို မှန်မှန် ကန်ကန်ထိထိရောက်ရောက်ဖော်ဆောင်နိုင် တဲ့ နိုင်ငံသားတွေ ဖြစ်စေချင်တယ်။ ဖေဖေက အာဏာရှင်လို အုပ်ချုပ်ချင်တဲ့သူမဟုတ်ဘူး။ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်နိုင် တဲ့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ချင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒါ ကြောင့်မို့ ပြည်သူလူထုကလည်း လူထုခေါင်း ဆောင်ဆိုပြီး လက်ခံခဲ့တာပဲ။ ဖေဖေကိုယ် တိုင်ကလည်း လူထုခေါင်းဆောင်ဆိုတာကို အင်မတန်မှ သဘောကျတယ်။ တစ်ခါတုန်းက လည်း ပြောခဲ့ပါတယ်။ ၀န်ကြီးနေရာ မမက် ပါဘူး။ ၀န်ကြီးရာထူးထက် ပြည်သူတွေက ပေးလိုက်တဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ် ပုဒ်ကိုပဲ မက်မောပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရများသည် ပြည်သူများ၏ ၀န်ကို ထမ်းပေးရမည်ဖြစ် ကြောင်း၊ အစိုးရ၀န်ထမ်းဆိုသည်မှာလည်း ပြည်သူများ၏ ၀န်ကိုထမ်းပြီး ပြည်သူများ၏ ဘ၀ကို အဆင်ပြေအောင် လုပ်ပေးရမည်ဖြစ် ကြောင်း၊ အစိုးရတာဝန်ဆိုသည်မှာလည်း ပြည်သူများက ပေးထားသည့် တာဝန်သာဖြစ် ရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ဟင်္သာတမြို့တွင် ည အိပ်မည်ဖြစ်ပြီး မတ် ၁ ရက်တွင် ပြည်မြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း မတ် ၁ ရက် ညတွင်လည်း ပြည်မြို့၌ပင် ညအိပ်မည်ဖြစ် ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment